မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်  ကျေးလက်ရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်

 

မိတ္ထီလာ စက်တင်ဘာ ၂

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၈၀.၁ သန်းဖြင့် ကျေးလက် ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၈၀.၁ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာတွင် မြေသားရေကန် တူးဖော်ခြင်း၊ စက်ရေတွင်း တူးခြင်း၊ ရေစင်နှင့် ရေစက်ရုံ တည်ဆောက်ခြင်း၊လက်နှိပ်ပန့် တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းတို့အား မိတ္ထီလာမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါ အောင်မြင်သည့် မင်းလမ်းသာကုမ္ပဏီမှ တာဝန်ယူ၍  သြဂုတ်လ ၁၀ ရက်နေ့မှ စတင်၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။  

ထိုသို့ဆောင်ရွက်ရာတွင် သရက်ခြံကျေးရွာ၊ ကြာပေါက်ကျေးရွာ၊ သဲတောကျေးရွာ၊ ဘုံးအိုးကျေးရွာ တို့တွင် အကျယ် ပေ ၁၀၀ ပတ်လည် အနက် ၆ ပေရှိ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများနှင့် လက်နှိပ်ပန့်များ တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိလျက်ရှိသည်။ ၎င်းအပြင် အရာတော်ကျေးရွာတွင် လေးလက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ (၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ဂါလံ ၂၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည် ပေ ၅၂၈၀ ရှိ ၂လက်မ ပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ကန်တောင်ကျေးရွာတွင် ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် အရှည် ပေ ၅၂၈၀ရှိ ၂ လက်မ ပိုက်သွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးလက်ရေ ရရှိရေးလုပ်ငန်း များကို စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)