ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ထုတ်ဝေသည့် “ ပန်းခင်း ” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံ သားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး နိုင်ရေး လုပ်ငန်းလမ်းညွှန်လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်ခိုင်မှ ကြီးကြပ်၍ ဝန်ထမ်းများက ပြည်သူများ “ပန်းခင်း”စီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်စေရန်နှင့် သတ်မှတ်ချက် များနှင့် ကိုက်ညီသည့် နိုင်ငံသားများမကျန်ရှိစေရေးအတွက် အသိပညာများဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့က လက်ကမ်းစာစောင် (၁၅၀) စောင် ဖြန့်ဝေ ပေးခဲ့ပြီး ယခင်ရက်များကလည်း အလားတူဖြန့်ဝေပေးလျက်ရှိရာ ပြည်သူ (၁၀၀၀) ကျော်ခန့်အထိ ဖြန့်ဝေ ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင်လိုအပ်သည့် စာရွက် စာတမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများနှင့် နေထိုင်မှုပုံစံများအလိုက် ဆောင် ရွက်ပေးရမည့် အမျိုးအစားများ စသည့် အချက်အလက်များ စုံလင်စွာ ထည့်သွင်းဖော်ပြထားသည့်အတွက် ပြည်သူများအတွက် လွယ်ကူအဆင်ပြေစွာ လေ့လာဖတ်ရှုနိုင်သည့် လက်ကမ်းစာစောင်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)