ရွာသစ် စက်တင်ဘာ ၂
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရွာသစ်မြို့ တိုက်နယ်ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်နှင့်ဝန်ထမ်းများ၊ ဘောလခဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ရွာသစ်မြို့ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပေးကြောင်း၊ ပုံမှန်အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃ဝ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွာသစ်မြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်တွင် ၆၃ ဦးအား ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် စက်တင်ဘာ ၂ ရက်မှ ၃ ရက်အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)