ကာမိုင်း စက်တင်ဘာ ၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေး ကျောင်းများရှိ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များအား ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ အထက မြစိမ်းရောင်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကာမိုင်းနည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့၊ တိုက်နယ်ဆေးရုံ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆောင်ရန်ရှောင်ရန်များ အသိပေးပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများကို ကာကွယ်ဆေး Synopharm ထိုးနှံပေး ခဲ့သည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံရာ၌ မြို့ပေါ်တွင်(၁၁၄)ဦး၊ လဝါးကျေးရွာတွင်(၂၉)ဦး၊ ဒွန်ဘန်နှင့် နောင်းမြီကျေးရွာတွင်(၅၈)ဦး စုစုပေါင်း(၂၀၁)ဦးတို့အား ထိုးနှံပေးပြီး စက်တင်ဘာ (၃)ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကာမိုင်း(ပြန်/ဆက်)