ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တက်သစ်တိုက်နယ် ဆေးရုံစုရပ်နှင့် အ.ထ.က(ကျူတော)ကျောင်းစုရပ်တို့တွင် သြဂုတ်လ ပထမအပတ်အတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ကြသည့် သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ အဘိုးအဘွားများနှင့် အများပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း သြဂုတ်လပထမအပတ်အတွင်း ပထမအကြိမ်ကာကွယ်ဆေးထိုးပြီး သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၂၉)ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ကြကာ စက်တင်ဘာလ(၁)ရက်နေ့အထိ ထန်းတပင်မြို့မ အားကစားကွင်းစုရပ်၊ တက်သစ်တိုက် နယ်ဆေးရုံစုရပ်၊ အ.ထ.က(ကျူတော) ကျောင်းစုရပ်နှင့် အ.ထ.က(ဘောလည်) ကျောင်းစုရပ် (၄)နေရာတို့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြသည့် သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်၄င်းတို့၏မိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများ၊ အဘိုးအဘွားများနှင့်အများ ပြည်သူ စုစုပေါင်း (၂၄၁၃)ဦး ထိရှိကြောင်းသိရပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် သက်ဆိုင်ရာစုရပ် များတွင်လည်း ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံရှိမရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)