ဘားအံ စက်တင်ဘာ ၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ KNU ကရင်အမျိုးသား အစည်းအရုံး ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများဖြစ်သော PPE ဝတ်စုံ၊ N 95၊ Digital Thermometer၊ Oximeter၊ Surgical Mask၊ Hand gel၊ RDT test၊ Face Shield၊ Exam Glove တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ရှမ်းရွာသစ်မြို့ ၁၆ ကုတင်ဆံ့ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု့ အားပေးပြီး ကာကွယ်ဆေး ထိုးနှံရန် စောင့်ဆိုင်းနေသူများ၊ ထိုးနှံပြီးသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကာကွယ်ဆေး ထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များအား ဂုဏ်ပြုချီးမြှင့်ငွေ တစ်သိန်းကျပ်၊ Face Mask ၂၀၀၀ခု၊ အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းနောက် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား အားပေးစကားများ ပြောကြားကာ အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သားဖွားခန်းနှင့် ကိုဗစ်လူနာ အထူးကြပ်မတ် ကုသဆောင်တို့အား ကြည့်ရှု့စစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းရွာသစ်မြို့ သန္တိသုခကျောင်း ဆရာတော် ဘဒ္ဒန္တဥုးသုစိတ္တအား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ သာသနာတော်ဆိုင်ရာများအား လျှောက်ထားတင်ပြပြီး ဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် KNU ဘားအံခရိုင်ဥက္ကဋ္ဌတို့သည် အဆိုပါဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများအား ပေးအပ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည့် အခမ်းအနားကို ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင် ဥက္ကဋ္ဌက ငြိမ်းချမ်းရေးဆိုင်ရာများအား ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အား ထောက်ပံ့ငွေများပေးအပ်ပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် KNU ဘားအံခရိုင်ဥက္ကဋ္ဌတို့မှ ရှမ်းရွာသစ်မြို့ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ကျန်းမာရေးဌာနနှင့် စာသင်ကျောင်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တစ်အိမ်သုံး ဆိုလာနှင့် ဆက်စပ်ပစ္စည်း (၆၁)စုံကို ထောက်ပံ့ပေးအပ်ကာ ရှမ်းရွာသစ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ဆန်၊ ဆီ အစရှိသော စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့အလှူရှင်များ အစီအစဉ်ဖြင့် ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေး၌ တစ်ရက်လျှင် လီတာ(၄၀) ဆံ့ ဆလင်ဒါအိုး ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်နိုင်သည့် လှိုင်းဘွဲမြို့နယ် အောက်စီဂျင်စက်ရုံ တည်ဆောက်မည့် နေရာအား သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)