ပုဗ္ဗသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိ စက်တင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဩဂုတ်လ(၂၉)ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို အ-ထ-က (၂၀)တွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ပင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) မထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။                 

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် သံဃာတော်များ(၄)ဦး၊ အသက်(၆၅)နှစ်အထက် အသက်ကြီးရွယ်အိုများ (၆၁)၊ နိုင်ငံ့ဝန်ထမ်းများ (၈၈)ဦး၊ ကျန်းမာရေးဝန်ထမ်း (၁)ဦး၊ နိုင်ငံဝန်ထမ်း မိသားစု (၁၆၇)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၄၃)ဦး၊ စေတနာ့ဝန်ထမ်း (၂)ဦး၊ စက်ရုံ /အလုပ်ရုံ ဝန်ထမ်း (၁၆၇)ဦး၊ ဟိုတယ်ဝန်ထမ်း (၁၃)ဦး၊  စုစုပေါင်း(၅၄၆)ဦးတို့ကို မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံအုပ် ဒေါက်တာသိမ့်သိမ့်ထွေး၊ တပ်မတော်ဆေးအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး (၈-၉-၂၀၂၁) ရက်နေ့တွင် ထပ်မံ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။                  

မျိုးသီဟ(ပြန်/ဆက်)