မြဝတီ သြဂုတ် ၂
ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းနှင့် ကြက်ဥတစ်လုံး ၁၀၀ ကျပ်နှုန်းတို့ဖြင့် ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း လှည့်လည် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဆိုပါ ဆန်နှင့်ကြက်ဥများအား ပြည်သူများအား ရောင်းချရာတွင် ကိုဗစ်ကာလဖြစ်ပြီး Stay Home သတ်မှတ်ထားသည့် ကာလ အတွင်းလည်း ဖြစ်တာကြောင့် အမှန်တကယ်အခက်ခဲ ဖြစ်သည့် ပြည်သူများ ဝယ်ယူရရှိစေရေး အထူးဂရုစိုက်ဖို့ လိုပါကြောင်းဖြင့် လမ်းညွှန်မှာ ကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ကရင်ပြည်နယ် အစိုးရအဖွဲ့မှ စီစဉ်ရောင်းချပေးသည့် စုစုပေါင်း ၂၄ ပြည် ဆန်အိတ် ၁၀၀ အိတ်၊ ကြက်ဥ အလုံး ၂၅၀၀ လုံး တို့ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ခွဲဝေပေးခဲ့ကာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက စားဝတ်နေရး အခက်အခဲ ဖြစ်လျက်ရှိသည့် အိမ်ထောင်စုများအား ပြန်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန်နှင့်ကြက်ဥများ ဝယ်ယူရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်နှင့် ကြက်ဥ(၁၀)လုံး ဝယ်ယူခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်