မွေးကင်းစမှ တစ်နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်

 

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြု ဆရာမများ နှင့် ကြက်ခြေနီ လူငယ်များက  ကလေးငယ်များအား  ပေါင်ချိန်ခြင်း၊  ကိုယ်အပူချိန်တိုင်းပေးခြင်းနှင့် မွေးကင်းစမှ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ်ခွဲ‌ အရွယ် ကလေးငယ်များကို (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါး (ဘီ)၊ ဦးနှောက်အမှေး ရောင်ရောဂါ) စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများကိုကလေးငယ် များ၏ အရွယ်အလိုက် သတ်မှတ်အကြိမ် အတိုင်း ထိုးနှံပေးခြင်း၊ ပိုလီယို အစက်ချဆေး တိုက်ကျွေးခြင်းတို့ အပြင် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝေယံ (ပြန်/ဆက်)