ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ရောဂါသက်သာပျောက်ကင်းခြင်းကြောင့် ပိုးတွေ့ လူနာများထားရှိရန် ဖွင့်လှစ်ထားသော Covid-19 Positive Centre အားပိတ်သိမ်း

ကျောက်ဆည်  စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အောက်ချိုင်းရပ်ကွက်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ ထားရှိရန်အတွက် ဖွင့်လှစ်ထားသည့် Covid-19 Positive Centre အား ပိုးတွေ့လူနာများ ရောဂါသက်သာပျောက်ကင်းခြင်းကြောင့် ပိုးတွေ့လူနာများထားရှိရန်မရှိသည့်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ပိတ်သိမ်းခဲ့ပြီး ပိုသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း  Covid-19 Positive Centre တာဝန်ခံ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းမှ ဒေါ်နွယ်နီတင်က သိရှိရသည်။

အဆိုပါ Covid-19 Positive Centre ကို ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား ထားရှိရန်အတွက် ဇူလိုင်(၁၀)ရက်နေ့ကစတင်ပြီး အမျိုးသားများနေထိုင်ရန် သီရိသာသနာ့ဗိမာန်ဓမ္မာရုံ ဆွမ်းစားဆောင်နှင့် အမျိုးသမီးများနေထိုင်ရန်အတွက် မြင်းစိုင်ခန်းမတွင် ဖွင့်လှစ်ခဲ့ပြီး ပိုးတွေ့လူနာများအား  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း သိရှိရှိရသည်။

Covid-19 Positive Centre ဖွင့်လှစ်ထားစဉ်အတွင်း ကိုဗစ်-၁၉ရောဂါ စစ်ဆေးခဲ့သည့်အကြိမ်ရေ (၁၇)ကြိမ်ရှိကာ အမျိုးသား(၅၅၂)ဦး၊ အမျိုးသမီး(၃၂၃)ဦး၊ စုစုပေါင်း (၈၇၅)ဦး စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ အမျိုးသား(၁၈၀) ဦး၊ အမျိုးသမီး(၁၁၄)ဦး၊ စုစုပေါင်း(၃၂၄)ဦးရှိကြောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)