မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နိုင်ငံသား တိုင်းလက်ဝယ် ကိုင်ဆောင်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကိုင်ဆောင် လက်မှတ်များ ရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ နိုင်ငံသားစိစစ်ရေး ကိုင်ဆောင်လက်မှတ်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီပြီးဖြစ် သည့် နိုင်ငံသားတိုင်း လက်ဝယ်ကိုင်ဆောင်နိုင်စေရန်နှင့် ကျန်ရှိခဲ့ခြင်းများမရှိစေရေးအတွက် ရပ်ကွက် များအလိုက် သေချာစွာ စိစစ်ပေးကြရန်လိုကြောင်း၊ ထို့အပြင် ရပ်ကွက်များအလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်စုမှူးများ၊ ဆယ်အိမ်စုမှူးများ၊ စာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့များမှ စနစ်တကျပူးပေါင်းဆောင်ရွက်ပေးကြရန်လို ကြောင်း ဆွေးနွေးပြောကြားပါသည်။

 

ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ခိုင်မှပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် လက်ရှိဇာတိတွင်အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိသော်လည်း ကိုင်ဆောင် လက်မှတ် မရှိသူများ၊ လက်ရှိဇာတိတွင်အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်း (မရှိ) ကိုင်ဆောင် လက်မှတ်(မရှိ) သူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းရှိပြီး လက်ရှိ ဒေသသို့ ပြောင်းရွှေ့လိုသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်း(မရှိ) လက်ရှိဒေသတွင်လည်း အိမ်ထောင်စုစာရင်းမရှိသူများ စသည့် စာရင်းများကို ရပ်ကွက်များ အလိုက် မြေပြင်စာရင်းများ ကောက်ယူ လျက်ရှိပြီး ပြန်လည်ရရှိလာသော စာရင်း အချက်အလက်များ အရ ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ကိုင်ဆောင် လက်မှတ်ပြုလုပ်ရန် ကျန်ရှိသူများ မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

 

လက်ရှိတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ စာရင်းများအရ အသက် (၁၈) နှစ်ပြည့်ပြီး ကိုင်ဆောင် လက်မှတ် ထုတ်ပေးရန် စိစစ်ရမည့်လူဦးရေ (၅၆၇၉) ဦးရှိထားပြီး အသက်(၁၆) နှစ်မှ (၁၈) နှစ်ကြား လူဦးရေမှာလည်း (၂၄၀၅) ဦးရှိကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။

        

ချစ်စုဝေ(ပြန်/ဆက်)