တာချီလိတ်မြို့ရှိ စံလင်းဖြိုး အာယုဒါန အောက်ဆီဂျင်ထုတ်စက်ရုံ ပုံမှန်လည်ပတ်လျက်ရှိပြီး နေ့စဉ် ၄၀ လီတာဝင်အိုး ၂၀၀ ခန့်ထုတ်လုပ်ပေးလျက်ရှိ

တာချီလိတ် စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် စံလင်းဖြိုးကုမ္ပဏီမှ လှူဒါန်းသည့် အာယုဒါန အောက်စီဂျင်ထုတ်စက်ရုံ ပုံမှန်လည်ပတ်လျက်ရှိပြီး နေ့စဉ် ၄၀ လီတာဝင်အိုး ၂၀၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အောက်ဆီဂျင်ထုတ်စက် လည်ပတ်နေမှုနှင့် ပတ်သက်၍  စက်ရုံမှူး ဦးဝင်းမြင့်က အောက်ဆီဂျင်ထုတ်စက်ကို မနက်အလုပ်ဆိုင်းတွင် အလုံး ၇၀၊ ညအလုပ်ဆိုင်းတွင်အလုံး ၇၀ ၊ တစ်နေ့လျင် အလုံးရေ ၁၄၀ ထွက်ရှိကြောင်း၊ အဆိုပါ အောက်ဆီဂျင်အိုးများကို ဦးစားပေးစနစ်ဖြင့် ခွဲဝေပေးလျက်ရှိကြောင်း၊ ပထမဦးစားပေးအဖြစ် ပြည်သူ့ဆေးရုံသို့ လည်းကောင်း၊ ဒုတိယဦးစားပေးအဖြစ် လူမှုကူညီရေးပရဟိတအသင်းများသို့ လည်းကောင်း ခွဲဝေပေးလျက်ရှိကြောင်း၊ မသမာမှုများမှ ကာကွယ်ရန်အတွက် ပြည်သူများအနေဖြင့် အောက်စီဂျင်ဖြည့်လိုပါက ပြည်သူ့ဆေးရုံမှ ဆရာဝန်၏ လက်မှတ်ပါ ထောက်ခံချက်နှင့် ပရဟိတအသင်းများ မှတစ်ဆင့် လာရောက်ရန် လိုအပ်သကဲ့သို့ အရေးပေါ်အချိန်၌ အခက်အခဲများကြုံတွေ့ရပါက ကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စက်ရုံတာဝန်ခံအင်ဂျင်ယာမှ ပြောကြားခဲ့ရာတွင် ယခုလည်ပတ်နေသော စက်သည် တစ်နာရီလျှင် ၄၀ လီတာအိုး ၁၃လုံးထုတ်ပေး နိုင်ပြီး အချိန်ပြည့်လည်ပတ်ပါကအိုး ၂၀၀ ကျော်ကိုထုတ်ပေးနိုင်ကြောင်း၊ အခြေအနေပေါ်မူတည်ပြီး လိုအပ်လာပါက စက်ကို ၇ ရက် မရပ်မနားအချိန်ပြည့် လည်ပတ်နိုင်ကြောင်း၊ ယခုအချိန်၌ လူနာများအနေဖြင့် အောက်စီဂျင် ရရှိရေးအခက်အခဲအတွက် စိုးရိမ်ရန်မလိုအပ်တော့ကြောင်း ပြောကြားသွားခဲ့သည်။

အောက်စီဂျင်ထုတ်စက်ကို ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်လည်ပတ်ခဲ့ရာတွင် ယနေ့ထိစုစုပေါင်း ၄၀ လီတာဝင်အိုး ၃၀၀ ခန့်ကိုထုတ်လုပ်ဖြန့်ဝေပေးခဲ့ပြီး အခြားမြို့နယ်များသို့လည်း ခွဲဝေပေးလျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။

ယာဆေး (ပြန်/ဆက်)