ဒေါပုံမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်  စက်တင်ဘာ  ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က သင်္ဘာကျင်းရပ်ကွက် အတွင်းရှိ ရေတပ်အိမ်ထောင်သည်အိမ်ယာ(လိုင်းခန်း)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလိုပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုကို ဒေါပုံမြို့နယ်အတွင်းရှိပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေနိုင်ရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်များအတွင်း လှည့်လည်ကြေငြာပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးသည့်စုရပ်များနှင့် လူစည်ကားရာနေရာများတွင် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မာဝေ(ပြန်/ဆက်)