ရိခေါ်ဒါရ် စက်တင်ဘာ ၁
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်များကို အသံချဲ့စက်ဖြင့် ရပ်ကွက်အတွင်း လှည့်လည်ဆော်သြခြင်းကို စက်တင်ဘာ ၁ ရက်က ရိခေါ်ဒါရ်မြို့အတွင်း မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်ဆော်သြခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလှည့်လည်ဆော်သြရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်သူသို့ အသိပေး ပန်ကြား ချက်(၉)ချက်ဖြစ်သည့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့နေအိမ်၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ဧည့်သည်လက်ခံခြင်းလုံးဝမပြုရန်နှင့် မိမိတို့ကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေရန်၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ အပြင်ထွက်ရာမှ အိမ်ပြန် ရောက်လာသောအခါ အိမ်သို့ရောဂါပိုး သယ်လာခြင်းမရှိစေရန်အတွက် အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်း Maskနှင့် တစ်ခါသုံးပစ္စည်းများ အိမ်အပြင်သို့ စနစ်တကျ စွန့်ပစ်ရန်နှင့် အဝတ်အစားမလှဲမီနှင့် ကိုယ်လက် သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ အလှည့်ကျရရှိသော ကာကွယ် ဆေးသည် မိမိအတွက် အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးခြင်းကို အကြိမ်ပြည့်ခံယူရန်နှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများ ဆက်လက်လိုက်နာရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျပူးပေါင်းပါဝင်ပေးရေးတို့ကို အသိပညာပေးလှည့်လည်ဆော်သြခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလှည့်လည်ဆော်သြခြင်းကို မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဌာန၊ နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်အတွင်း လမ်းဆုံလမ်းခွများ၊ အိမ်ကြားလမ်းများတွင် အသံချဲ့စက်ဖြင့် အသိပညာပေးလှည့်လည်ဆော်သြ ခဲ့ကြောင်း သိရသည်။
သောမတ်