တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ပိုး ရှိ/မရှိကို Pilot Project ဖြင့် စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ (၃၃၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

တောင်ကြီး  စက်တင်ဘာ ၁

တောင်ကြီးမြို့နယ်တွင် RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုကို Pilot Project ဖြင့် အခမဲ့ စစ်ဆေးမှုများကို ဩဂုတ်လ ၂၃ ရက်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ပိုး‌တွေ့ လူနာပေါင်း (၃၃၅) ဦးတွေ့ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုကို တောင်ကြီးမြို့နယ် အတွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့နှင့် ကျောက်တလုံးကြီးမြို့ပေါ် ရပ်ကွက်များတွင် နယ်မြေအလိုက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး COVID-19 ပိုး ရှိ/မရှိကို Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ရပ်ကွက်နေပြည်သူများအနေဖြင့် နေအိမ်တွင် ဖျားနာနေသူများနှင့် ဆက်စပ်လျက်ရှိသော မိသားစုဝင်များကို ရာအိမ်မှူးများမှတဆင့် ခေါ်ယူစစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ဖျားနေသည်ဟု ယူဆ၍ ကိုဗစ်သံသယရှိပါ လာစစ်ဆေးနိုင်ကြောင်းနှင့် စစ်ဆေးချက်အရ Positive လူနာ တွေ့ရှိပါက ရောဂါ အခြေအနေပေါ် မူတည်ပြီး ဆေးရုံနှင့် ကုသရေးစင်တာသို့ ပို့ဆောင်ကုသခြင်း၊ ‌နေအိမ်တွင် သီးခြားထား၍ ကုသခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် စစ်ဆေးလိုသူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ Pilot Project ဖြင့် စစ်ဆေးမှုကို ဆောင်ရွက်ခဲ့ရာတွင် တောင်ကြီးမြို့နယ် အတွင်းရှိ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့နှင့် ကျောက်တလုံးကြီးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ လူဦးရေ ၃၄၁၄ ဦးကို စစ်‌ဆေးခဲ့ရာ ၃၃၅ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၄၂၇၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၁၂ ဦး သေဆုံး၍ ၂၉၁၀ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)