ဘားအံ ဩဂုတ် ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိရာ ဒေသခံပြည်သူများမှ မဲစာရင်းတွင် မိမိနာမည်ပါဝင်ခြင်းရှိ/မရှိ သွားရောက်ကြည့်ရှုရန် အသိ ပေးနှိုးဆော်ခြင်းများကို ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီက ကော့လှိုက်ကျေးရွာနှင့် ကော့ကျိုက်ကျေးရွာတို့တွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါဝင်မှု ရှိ/မရှိ စစ်ဆေးရန်၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃) ဖြည့်သွင်းတောင်းဆိုရန်၊ ကိုယ်ရေးအချက်အလက်များမှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ဖြည့်စွက်ရန်၊ မပါဝင်သင့်သူတစ်ဦး မဲစာရင်းတွင်ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်၊ ပုံစံ (၃)၊ ပုံစံ (၄-ဂ)၊ ပုံစံ (၄)များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်က သတ်မှတ်ထားသည့်ရက်ထက် နောက်မကျဘဲတင်သွင်းရန်များကို အသိပေးနှိုးဆော်ခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခက်ခက်လွင် (ပြန်/ဆက်)