ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အစည်းအဝေးပြုလုပ်

ဒဂုံအရှေ့ စက်တင်ဘာ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ပိုင်ရှင်များအားခေါ် ယူတွေ့ဆုံခြင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီ အချိန်က မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ထို့သိုခေါ်ယူတွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူကပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်၊ ဆိုင်ထိုင်စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီရောင်းချကြရန်ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များလိုက်နာကြရန်၊ ဆိုင်ပိုင်ရှင်များအားလုံးမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကိုလိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး  သိရှိလိုသည်များမေးမြန်းခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်ပိုင်ရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)