ကော့ကရိတ်မြို့၌ ဆန်တစ်ပြည် ငွေကျပ် တစ်ထောင်နှုန်း၊ ကြက်ဥတစ်လုံး ငွေကျပ် (၁၀၀)နှုန်းဖြင့် လိုက်လံရောင်းချပေး

ကော့ကရိတ် စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ယမန်နေ့ ညနေ ၄နာရီ အချိန်က ဆန်တစ်ပြည်လျှင် ငွေကျပ် တစ်ထောင်နှုန်း၊ ကြက်ဥတစ်လုံးကို ငွေကျပ် တစ်ရာနှုန်းဖြင့်  အမှတ် (၂)ရပ်ကွက် အတွင်း လိုက်လံ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ လိုက်လံရောင်းချနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုနှင့် တာဝန်ရှိသူများက အမှတ်(၂)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုတစ်စုလျှင် ဆန်သုံးပြည်နှင့် ကြက်ဥ ၁၀ လုံးနှုန်းဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ လိုက်လံရောင်းချပေးခြင်း ဖြစ်သည်။

အမှတ် (၂)ရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက "ဒီနေ့တော့ ၂၄ ပြည်ဆံ့ဆန်အိတ် ၁၀အိတ်ကိုတော့ ရောင်းချပေးခဲ့ပါတယ်။ နောက်နေ့တွေမှာလဲ ဆန်နှင့် ကြက်ဥတွေကို ဆက်လက် ရောင်းချပေးသွားမှာပါ။ အခြားရပ်ကွက်တွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတွေမှာပဲ ရောင်းချပေးလျက်ရှိတယ်" ဟုပြောသည်။

ခရိုင် (ပြန်/ဆက် )