ညောင်ဦး စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တွင် ယမန်နေ့နံနက် ၂နာရီ အချိန်ခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ကယ်တော်မူပါချောင်း ရေကြီးရေလျှံမှုဖြစ်ကာ ပုဂံမြို့၊ အနော်ရထာ ရပ်ကွက်အတွင်း နေအိမ်များအတွင်းထိ ရေကြီးရေလျှံမှုဖြစ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
ကယ်တော်မူပါ ချောင်းရေကြီးရေလျှံမှုဖြစ်လျှင်ဖြစ်ချင်း ညောင်ဦးခရိုင်/မြို့နယ်မီး မီးသတ်ဦးစီးမှူးများဖြစ်သည့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူတို့ ဦးဆောင်ကာ ပုဂံနယ်မြေ မီးသတ်စခန်းမှ မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရေကြီးရေလျှံလျှက်ဖြစ်နေသည့် ပုဂံမြို့၊ အနော်ရထာ ရပ်ကွက်၊ ရေဝင်အိမ်ထောင်စု (၃၁)စုရှိ နေအိမ်အောက်ထပ်မှပစ္စည်းများအား ရေလွတ်ရာ နေအိမ်အပေါ်ထပ်သို့ ရွှေ့ပြောင်းပေးခြင်း၊ တစ်ထပ်အိမ်ထောင်စုများမှ ပစ္စည်းများအား ရေလွတ်ရာ ဆွေမျိုးသားချင်းအိမ်များသို့ ရွှေ့ပြောင်းပေးခြင်းနှင့် ချောင်းရေနှင့်အတူပါလာသော သဲနုန်းများ၊ အမှိုက်များ၊ ဒိုက်များအား ကူညီရှင်းလင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကာ နံနက် ၁၁ နာရီခွဲအချိန်တွင် ဆောင်ရွက်ပြီးခဲ့သည်။
အဆိုပါချောင်းရေ ရေကြီးရေလျှံရာသို့ ပုဂံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ညွန့်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပုဂံနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၇၀ ခန့်ဖြင့်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ကယ်တော်မူပါချောင်းရေသည် ရပ်ကွက်အတွင်း လူနေအိမ်များအတွင်း အနိမ့်ဆုံးနေရာ ၆ပေ ခန့်မှ အမြင့်ဆုံးနေရာ ၅ ပေခန့်အထိ ဝင်ရောက်ခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်များ၊လူနေအိမ်ပျက်စီးခြင်းများမရှိခဲ့ကြောင်း၊ အိမ်ခြေ (၁၀၀)ခန့်ထိရေဝင်ရောက်ခဲ့ပြီး ၃၁ အိမ်ထောင်စုမှ ပစ္စည်းများ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ အနော်ရထာရပ်ကွက်တွင် အိမ်ထောင်စု (၈၀၅)စုရှိကြောင်း သိရသည်။
ကိုထိန်၊KPD