ကွတ်ခိုင်မြို့ရှိ IDPs တိုက်ပွဲရှောင်စခန်းသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကွတ်ခိုင်    ဩဂုတ်     ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ် (၆)ရပ်ကွက်တွင်ရှိ IDPs တိုက်ပွဲရှောင်စခန်းမှ  တိုက်ပွဲရှောင် ပြည်သူကလေးငယ်(၆၀)ဦးအား ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခြင်း၊ ပုံပြင်ပြောခြင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းတို့ကို  ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်က သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ ကွတ်ခိုင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက IDPs တိုက်ပွဲရှောင်စခန်းမှ တိုက်ပွဲ‌ရှောင် ကျောင်းသား‌ကျောင်းသူများ က‌လေးငယ်များအား ပုံတူပန်းချီများပေးကာ ဆေးရောင်စုံခြယ်ယှဉ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးသည်။

ယင်းနောက်  လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမင်းစံနှင့် ဝန်ထမ်းများက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိမှတ်ဖွယ်ရာများကို  အသိပညာပေးဟော ပြောသည်။

ဆက်လက်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူ ကလေးငယ်(၅)ဦးကို တာဝန်ရှိ သူများက ကျောင်းသုံးစာရေး ကိရိယာများနှင့် အခြားအသုံးအဆောင်များအား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

တိုက်ပွဲ‌ရှောင် ကျောင်းသား၊ကျောင်းသူ ကလေးငယ်များ အနေဖြင့် ပြင်ပအသိပညာဗဟုသုတ တိုးပွားလာစေရန် လိုအပ်ပြီး အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်/ဆက်ဦးစီးဌာနမှ တိုင်းရင်းသား ပုံပြင်များ ပြောကြားပေးခြင်းနှင့်၊ သုတ/ရတ စာအုပ် စာစောင်များ ငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ် အသိပေးပိုစတာများ ကြည့်ရှု လေ့လာစေရန် ပြသခဲ့ကြောင်း သိရသည်။                                 

မိုင်းဘဉာဏ်(ပြန်/ဆက်)