ကျောက်မဲ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေရွာအုပ်စု၊ တောင်နောက်ကျေးရွာ၊ သက်ကြီးဘိုးဘွား စောင့်ရှောက်ရေးဝင်း အတွင်း၌ တည်ဆောက်လျက်ရှိသော "အာယုသုခ" အောက်စီဂျင်စက်ရုံ Oxygen Plant အတွက် ရှမ်းပြည်နယ်အစိုးရမှ လှူဒါန်းငွေများနှင့် အလှူရှင်များမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
အဆိုပါ "အာယုသုခ" အောက်စီဂျင် စက်ရုံ Oxygen plant အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၂၀၀ သိန်း၊ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်နှင့် မိသားစုတို့မှ ငွေကျပ် ၅ သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွှန့်ရွှေနှင့် မိသားစုတို့မှ ငွေကျပ် ၅ သိန်း ပေးအပ် လှူဒါန်းခဲ့ပြီး ယင်းလှူဒါန်းငွေများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကာ အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ လူနာများနှင့် အခြားနာမကျန်းဖြစ်သည့် လူနာများအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အလှူရှင်များက စုပေါင်းကာ အဆိုပါ "အာယုသုခ" အောက်စီဂျင်စက်ရုံကို ဩဂုတ် ၈ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး အဆောက်အဦးမှာ ၉၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီး စီးနေပြီဖြစ်ပြီး စက်ရုံအတွက် ၂၀၀ KVA ထရန်စဖော်မာ တစ်လုံးကိုလည်း တပ်ဆင်ထားပြီးကြောင်း သိရသည်။
အဆိုပါ "အာယုသုခ" အောက်စီဂျင်စက်ရုံအတွက် မှာယူထားသည့် အောက်စီဂျင်စက်မှာ စက်တင်ဘာလ ပထမပတ်အတွင်း ရောက်ရှိ လာမည်ဖြစ်ပြီး မကြာမီ စက်ရုံလည်ပတ်နိုင်တော့မည် ဖြစ်ကြောင်း၊ ယင်းအောက်စီဂျင်စက်ရုံမှ တစ်နာရီလျင် ၄၀ လီတာ အောက်စီဂျင်အိုး ၅ လုံးထွက်ရှိမည် ဖြစ်သည့်အတွက် မြို့နယ်အတွင်း အောက်စီဂျင်လိုအပ်သော လူနာများနှင့် အခြားမြို့နယ်များမှ ပြည်သူများအတွက် လိုအပ်သော အောက်စီဂျင်များ ကူညီပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ် အောက်စီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
မိုင်းထွန်း