ထားဝယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ထားဝယ် သြဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍အသက်(၆၅) နှစ်အထက်သက်ကြီးရွယ်အိုများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် အဖြစ် ထိုးနှံ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

“အသက်(၆၅) နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနေမှုကတော့ ဒုတိယ အကြိမ်ဖြစ်ပါတယ်။ သြဂုတ် ၃၀ ရက်နေ့နံနက်ပိုင်းမှစပြီး ထိုးနှံပေးခဲ့ပါတယ်။ နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ရဟန်း သံဃာ နှင့်သီလရှင် များ ပရဟိတအသင်း၊ကျန်းမာရေးဝန်ထမ်းများ၊ပုဂ္ဂလိကဆေးရုံ/ဆေးခန်း ဝန်ထမ်း၊ နိုင်ငံဝန်ထမ်း၊သာသနာ့ဝန်ထမ်၊ ဘိုးဘွား ရိပ်သာ၊ဘဏ်ဝန်ထမ်းများ ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်း ၊ ဟိုတယ်ဝန်ထမ်း ၊ အချုပ်သား၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသွားမှာဖြစ် တယ်” ဟု ဒုတိယခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥက္ကာထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးသောနေရာများတွင် သက်ကြီးရွယ်အိုနှင့်သက်ရွယ်ကြီးရင့်သူများအား ကျန်းမာရေး ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ က သတ်မှတ်ထားသော နေရာများသို့ လက်တွဲ၍ ဖေးဖ ကူညီဆောင်ရွက်ပေးခဲ့သည်၊၊

ယခုဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများသည်ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့ က ပထမအကြိမ်ထိုးနှံသူများဖြစ်ကြောင်းသိရပြီး ပထမအကြိမ်တွင်(၅၄၃၀)ဦး ထိုးနှံပေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm  အမျိုး အစား ဖြစ်ကြောင်း သိရသည်။

 (ထားဝယ်ခရိုင်ပြန်/ဆက်)