တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်းသို့ မြစ်ရေများ ဝင်ရောက်

တိုက်ကြီး    ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာများအတွင်း ရေဝင်ရောက်မှုများရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် ယမန်ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တိုင်းတာချက်အရ ( ၃၀.၆) ပေ အထိ မြင့်တက်လာပြီး စိုးရိမ်ရေအမှတ်မှာ ၃၅ ပေ အထိရှိပြီး အဆိုပါမြစ်ရေ  မြင့်တက်လာမှုကြောင့် အဖျောက်မြို့ ရေပေါ်သောင်ကျေးရွာအုပ်စု အလယ်ကင်းကျေးရွာ အတွင်း သို့ မြစ်ရေများ (၆)လက်မခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် အဖျောက်မြို့ ရေပေါ်သောင်ကျေးရွာအုပ်စု အလယ်ကင်း ကျေးရွာသည်  ဧရာဝတီမြစ်ရေ မြင့်တက်လာသည်နှင့် ကျေးရွာအတွင်းသို့ နှစ်စဉ်ရေဝင်ရောက်လေ့ရှိပြီး ကျေးရွာနေပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်ကျော်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ အဖျောက် မြို့ အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းစိုးနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ပံ့ပိုးကူညီနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက် ထားကြောင်း သိရပါ သည်။

စန်းကလျာခိုင်