ရန်ကုန် သြဂုတ် ၃၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွား များအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်ဘူတာကြီးတွင် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၏ ရပ်ကွက်(၂၀) အတွင်းရှိ အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွားများအား သြဂုတ်လ (၁) ရက်နေ့တွင် ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ပြီး ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးစုရပ် များကို ရန်ကုန်ဘူတာကြီးတွင် ဆေးထိုးအုပ်စု (၁) နှင့် (၂) အဖြစ် ခွဲကာ ထိုးနှံပေးခဲ့ပြီး ဆေးထိုးအုပ်စုတစ်စုလျှင် အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွား (၂၅၀) ဦး စီထိုးနှံပေးခဲ့ရာ ယမန်နေ့က အုပ်စု(၂) ခုတွင် ဘိုးဘွား (၅၀၀) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆေးထိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် Volunteer များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ချစ်စုဝေ (ပြန်/ဆက်)