ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ဇမ္ဗူသီရိ ဩဂုတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက်သက်ကြီး ဘိုးဘွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉) နာရီတွင် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန် အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများ ကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုးနှံပေးသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ်ဖြစ်သည့် (Sinopharm) အမျိုးအစား ဖြစ်ကာ ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (၄,၆၅၃) ဦးစာ ရရှိခဲ့သည်။ ရရှိသည့်ဆေးများကို အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ် (၂၉) ရက်နေ့မှ စက်တင်ဘာ (၉) ရက်နေ့အထိ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)