မြစ်ကြီးနားမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

 

မြစ်ကြီးနား ဩဂုတ် ၃၁

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ် ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီမှစတင်၍ မြစ်ကြီးနား မြို့နယ် အ-ထ-က (၉) ကျောင်းနှင့် အ-ထ-က (၄) ကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။

ဒုတိယအကြိမ်မြောက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံရာ ပထမနေ့တွင် မြစ်ကြီးနားမြို့ အ-ထ-က (၉) ကျောင်း၌ လူဦးရေ (၅၀၀)နှင့် အ-ထ-က (၄) ကျောင်းတွင် လူဦးရေ (၁၀၀၀) စုစုပေါင်း လူဦးရေ (၁၅၀၀) ဦးအား ကိုဗစ် - ၁၉ သက်မှတ် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့်စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထိုးနှံပေးသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးအမျိုးအစားသည်   တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm  အမျိုးအစားဖြစ်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူများ၊ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊  ပုဂ္ဂလိက ဆေးရုံ/ ဆေးခန်းများတွင်တာဝန်ထမ်းဆောင်နေကြသူများ၊ လူမှုရေး ပရဟိတ အသင်းအဖွဲ့ဝင်များ၊  နိုင်ငံ့ ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ စက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဝန်ထမ်း များနှင့် ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးဝန်ထမ်းများ စုစုပေါင်းလူဦးရေ  (၉၆၅၄)ဦးပြည့်သည့်တိုင် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

ယော်ဆောင်(ပြန်/ဆက်)