သန်လျင်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 

ရန်ကုန် သြဂုတ် ၃၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နိုင်ငံဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) အား ယမန်နေ့ မွန်းလွဲ ၁ နာရီက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန် တော်ကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ ကျန်းမာရေးမှူး ဒေါက်တာ မြကြေးမုံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များက  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူဦးရေစုစုပေါင်း ၁၀၂၉၀ ဦးတို့အား (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။