ရမည်းသင်းမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေး

ရမည်းသင်း     ဩဂုတ်   ၃၁

လတ်တလောကိုဗစ်-၁၉ ရောဂါတတိယလိုင်း ရမည်းသင်းမြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိမှု မြင့်မားလာသည့်အတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၅) မြို့မအခြေခံပညာအထက်တန်း၌ ကိုဗစ်-၁၉ ရောဂါပိုး RDT Test  Kit ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ရမည်းသင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များမှ ပိုင်ရှင်နှင့် ဝန်ထမ်းများ၊ လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ ကားဂိတ်များမှ ဂိတ်မှူးနှင့် ကုန်တင်ကုန်ချ လုပ်သားများ၊ ကုန်တင်ကားယာဉ်မောင်းများ၊ ဘဏ်များမှ ပိုင်ရှင်နှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ရမည်းသင်းမြို့နယ်၌ ဖွင့်လှစ်ထားသည့် သာသနာ့ဗိမ္မာန်နှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့၌ ဖွင့်လှစ်ထားသည့် Quarantine  Center သို့ ပို့ဆောင်ပြီး ဆေးကုသမှုများ ဆောင်ရွက် ပေးမည်ဖြစ်ကာ ပိုးတွေ့လူနာများနှင့် ထိစပ်သူများအား အသွားအလာ ကန့်သတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)