ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များ အသိပညာပေး နှိုးဆော်

ဘားအံ ဩဂုတ် ၃၁

ဘားအံမြို့နယ်တွင်(၃၀-၈-၂၀၂၁)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ (၁၁၁၉)ဦးအထိရှိလာပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည် များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန် ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။            

 ခရိုင် (ပြန်/ဆက်)