ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ဘားအံ ဩဂုတ် ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံ လူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်းများဖြစ်သည့်ဆန်နှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ပြည်သူများအား  မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါစားသောက်ကုန်ပစ္စည်းများ ရောင်းချပေးရာတွင် ကရင်ပြည်နယ်အစိုးရ၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် အုတ်ဖိုလမ်း၊ အင်းဝလမ်း၊ အင်းပြည့်လမ်း၊ မီးစက်အနောက်လမ်း၊ လှာကမြင်လမ်း၊ ရွှေနှင်းဆီလမ်းသွယ်(၅၊ ၆၊ ၇) နေရာများတွင် ဆန်တစ်ပြည်လျှင်ငွေကျပ် ၁၀၀၀/- နှုန်း၊ ကြက်ဥ(၁)လုံးလျှင် ငွေကျပ် ၁၀၀/- နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည်မှ (၁၀)ပြည်အထိလည်းကောင်း၊ ကြက်ဥ(၁၀)လုံးအထိ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပြီး၊ ဆန်အိတ်(၅၀)အိတ်နှင့် ကြက်ဥအလုံး(၁၅၀၀) ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ကြက်ဥများကို ဘားအံမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်(၉)ခုရှိ အခြေခံလူတန်းစားများအား ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဘားအံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။