တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မိုးကုတ် ရိပ်သာတွင် Quarantine ဝင်နေသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တာချီလိတ် ဩဂုတ် ၁၄

မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ယမင်းအိ ဦးဆောင်သော အဖွဲ့ဝင်များသည် မိုးကုတ်ရိပ်သာ၌ Quarantine ဝင်နေသော နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို Mask နှာခေါင်းစည်းများ၊ လက်ဆေးဆပ်ပြာများနှင့် လက်ဆေး ဂျယ်ရီများ ထောက်ပံ့ပေးခဲ့ကြပြီး ကလေးများနှင့် သက်ရွယ်ကြီးသူများကို အာဟာရဓာတ်ဖြည့် အစာများ ထောက်ပံ့ပေးခဲ့ကြပြီးနောက် ကိုဗစ်-၁၉နှင့် ပတ်သက်၍ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထား သော စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ဥက္ကဋ္ဌဒေါ်ယမင်းအိ ဦးဆောင်သော အဖွဲ့ဝင်တို့သည် တာချီလိတ်မြို့ လူငယ်ပရဟိတ ဂေဟာသို့ သွားရောက်ကြပြီး ညနေစာကို ကျွးမွေး လှူဒါန်းခြင်းနှင့် အာဟာရဓာတ်ဖြည့် အစာများကို ထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ဝမ်ကောင်းရပ်ကွက်ရှိ မသန်စွမ်းပိုလီယိုရောဂါ ခံစားနေရသည့် ကလေးငယ်သုံးဦးတို့အား တစ်ဦးလျှင် ကျပ်နှစ်သောင်းငါးထောင်နှင့် အာဟာရဓာတ်ဖြည့်အစာများကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)