တနင်္သာရီ ဩဂုတ်လ ၃၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်သူဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးဒေါ်သီသီခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ယမန်နေ့ ညနေ ၄ နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အဓိကကျသည့် ကာကွယ်ရေး နည်းလမ်းများကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းပါ ကြေညာချက်များမှာ ဖြစ်နိုင်ပါက အိမ်အတွင်း၌ သာနေထိုင်ပါ။ အိမ်တွင် ဧည့်သည်လက်ခံခြင်းလုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်။ မိမိအိမ်တွင် အသက်(၆၅)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ (သို့)ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအားပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားပေးပါ။ လေဝင် လေထွက် ကောင်းသည့် နေရာမှာ နေစေပါ။ မဖြစ်မနေအိမ်အပြင်ထွက်မည် ဆိုပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျ ဆေးကြောပါ၊ အခြားသူများနှင့်(၆)ပေကွာ ခပ်ခွါခွါနေထိုင်ပါ။ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ လူစုလူဝေးရှောင် ကျဉ်ပါ။ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်သာ ဈေးဝယ်ယူပါ။ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သော အခါတွင် အိမ်သို့ ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန်သတိပြုပါ အသုံးပြုပြီးသော(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစား မလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့်အနီး ကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ အစရှိသည့် အသိပေးပန်ကြားချက်များဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)