မိတ္ထီလာတွင် လူမှုဖူလုံရေးအစီအစဉ်တွင်ပါဝင်သူများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေး

မိတ္ထီလာ  ဩဂုတ် ၃၁

မိတ္ထီလာမြို့တွင် မြို့နယ် ကိုဗစ်၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏  ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဖူလုံရေးအာမခံအစီအစဉ်တွင်ပါဝင်သည့် စက်ရုံအလုပ်ရုံ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။

“လူမှုဖူလုံရေးရုံးမှာ အလုပ်သမားအာမခံထားရှိထားတဲ့ စက်ရုံအလုပ်ရုံ၊ရေသန့်လုပ်ငန်းနဲ့ ဟိုတယ်မိုတယ်လုပ်ငန်းတွေက ဝန်ထမ်းတွေ၊ ပြီးတော့ မြို့နယ်အတွင်းက ပညာရေးဝန်ထမ်းတွေကို ပထမအကြိမ် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးတာဖြစ်ပါတယ်။ ဆေးထိုးစုရပ် ၂ ခုခွဲပြီး စက်ရုံအလုပ်ရုံ၊ရေသန့်လုပ်ငန်းနဲ့ ဟိုတယ်မိုတယ် လုပ်ငန်းများက ဝန်ထမ်းများကို အထက ၁ ဆေးထိုးစုရပ် ၊ ပညာရေးဝန်ထမ်းတွေကို အောင်မင်္ဂလာခန်းမ တို့မှာထိုးနှံပေးတာဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံ၊ရေသန့်လုပ်ငန်းနဲ့ ဟိုတယ်မိုတယ်လုပ်ငန်းများက ဝန်ထမ်း ၂၂၄၁ ဦး ၊ ပညာရေးဝန်ထမ်း ၁၃၅၉ ဦး စုစုပေါင်း ၃၆ဝဝ ဦးကို ပထမအကြိမ် ကိုဗစ်၁၉ ကာကွယ်ဆေးထိုးနှံပေးတာဖြစ်ပါတယ်” ဟု မြို့နယ် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးနှံမည့်သူများအား ဒေသဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ