ရမည်းသင်း ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့နယ် အကျဉ်းဦးစီးဌာနရှိ အမျိုးသားအကျဆောင် (၂)နှင့် အမျိုးသမီးအကျဆောင်(၁)တို့၌ ယနေ့ နံနက် ၉နာရီက အချုပ်သား/အချုပ်သူ နှင့် အကျဉ်းသား/ အကျဉ်းသူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် ရမည်းသင်း အကျဉ်းထောင် ဆရာဝန် ဒေါက်တာသီဟနန္ဒက သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စနစ်တကျ စာရင်းရေးသွင်းခြင်းတို့ကို ဦးစွာစိစစ်ပေးပြီးမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်မော် နှင့်ကျန်းမာရေးဝန်ထမ်းသူနာပြုတို့က ဒုတိယအကြိမ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် (Sinovac)ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရမည်းသင်းအကျဉ်းဦးစီးဌာနရှိ အကျဉ်းသား/အကျဉ်းသူ(၂၇၃)ဦးနှင့် အချုပ်သား၊အချုပ်သူ(၂၅၁)ဦးစုစုပေါင်း(၅၂၄)ဦးကို ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း ရမည်းသင်းအကျဉ်းဦးစီးဌာနမှသိရသည်။
ရမည်းသင်း အကျဉ်းဦးစီးဌာနရှိ အချုပ်သား/အချုပ်သူ နှင့် အကျဉ်းသား/ အကျဉ်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်ဇော်မိုးနှင့် ရမည်းသင်း အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိ လက်ထောက်ညွန်ကြားရေးမှူး ဦးလှရွှေ တို့က ကာကွယ် ဆေးထိုးနှံကြသည့် အကျဉ်းသား/ အချုပ်သားများကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်၊ရမည်းသင်း