မြစ်သား သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက်ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေ အားဆေးတိုက်ကျွေးခြင်းကို ယမန်န့နံနက် ၈ နာရီက မြို့မအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါက်တာ ဒေါ်နေခြည်သိန်းဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်ငါးနှစ်အောက်ကလေးများအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ လက်မောင်းလုံးပတ်တိုင်းခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ခဲ့ကြပြီးနောက် အသက် ၆ လမှ ငါးနှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေ ဆေးများတိုက်ကျွေးခြင်း၊ အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓါတ်ပါဝင်မှုစစ်ဆေးပေးခြင်းနှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရကျွေးမွေးခြင်း၊ အားဆေးများတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဗီတာမင်အေအားဆေးကို မြစ်သားမြို့နယ်တစ်မြို့နယ်လုံး ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် ၆ လမှ ၁ နှစ်အတွင်းကလေး (၂၇၀၇) ဦး၊ အသက်တစ်နှစ်မှ ငါးနှစ်အတွင်းကလေး (၁၄၀၆၄) ဦးအား တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(ပြန်/ဆက်)