ညောင်ဦး ဩဂုတ် ၁၄
လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆင်းလျက်ရှိသည့်ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းခရီးသွားဧည့်သည်များအား ခရီးသွားစစ်ကောက်ယူခြင်းလုပ်ငန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဩဂုတ် လ ၈ ရက်နေ့က ကောက်ယူလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့ အလိုတော်ပြည့်ဘုရား၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာဘုရား၊ ကျောက်မျက်မော်ဘုရားနှင့် ပုဂံမြို့ဟောင်းရှိ သရပါတံခါးအနီးနေရာများတွင် ဒေသအသီးသီးမှရောက်ရှိလာသည့် ပြည်တွင်းခရီးသွားဧည့်သည်များအားတွေ့ဆုံကာ ခရီးသွားဧည့်သည်စစ်တမ်း Local Survey များ ကောက်ယူခြင်းကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင် ဦးဆောင်သည့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း (ပုဂံ)