ဒက္ခိဏသီရိ ဩဂုတ် ၃၁
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက် သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေး ကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာတင်မြထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှ ဆေးအဖွဲ့များက ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဒက္ခိဏသီရိမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) အလုံး(၂၀၆၈)လုံး ရရှိပြီး တစ်နေ့လျှင် လူဦးရေ(၃၀၀)ဦးခန့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)