ရွှေပြည်သာ ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များအသင်းနှင့်မြို့နယ်စည်ပင်သာယာ အဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအား ဆန်၊ဆီ၊ကြက်ဥစသည့် စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဆီ(၅၀)သားတစ်ဘူးလျှင် (၁၈၅၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀) လုံး(၁)ကတ်လျှင် (၁၃၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင်(၁၇၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ရိုးရိုးဆန်တစ်ပြည်လျှင်(၁၀၀၀)ကျပ် နှုန်းဖြင့် လည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချပေးရာသို့ ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်ကြသော ရပ်ကွက်နေ ပြည်သူများက လာရောက် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့စျေးဝယ်ရာမှ စျေးဝယ်သူတစ်ဦးဖြစ်သူမဝေမာက "အခုလိုဆန်တွေ ဆီတွေကြက်ဥတွေစျေးနှုန်း ချိုချိုသာသာ ရောင်းပေးတော့ ကျွန်မတို့လို တစ်နေ့လုပ်တစ်နေ့ စားသမားတွေအတွက် အများကြီးအဆင်ပြေတာပေါ့။ စျေးနှုန်းသက်သာတော့ ငွေပိုထွက်လာပြီးကျန်တဲ့ လိုအပ်တဲ့ပစ္စည်းလေးတွေလည်း ဝယ်လို့ရတာပေါ့ရှင်" ဟု ပြောကြားခဲ့သည်။
ထို့ပြင်မြို့နယ် စည်ပင်သာယာကော်မတီမှ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးကျော်သူထွေးက "ကျွန်တော်တို့အနေနဲ့ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလ အတွင်းမှာ မြန်မာနိုင်ငံဆန်၊ စပါးကုန်သည်များအသင်းနဲ့ ပူးပေါင်းပြီးတော့ ရွှေပြည်သာမြို့နယ် အတွင်းမှာရှိတဲ့ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းကို ဆန်၊ဆီ၊ကြက်ဥစတဲ့ စားသောက်ကုန်ပစ္စည်းတွေကို အခုလိုစျေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေးသွားမှာပါ" ဟု ပြောကြားခဲ့သည်။
သန္တာ(ပြန်/ဆက်)