ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွား(၈၅၁)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်စတင်ထိုးပေး

ကျောက်ဆည် ဩဂုတ်  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၈၅၁)ဦး အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ပြည်လုံးနိုင်ရပ်ကွက် မြို့တော်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျောက်ဆည်ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး လုပ်ငန်းများအဆင်ပြေစေရေး အဖွဲ့(၃)ဖွဲ့ခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များအညီ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဦးစားပေး အစီအစဉ်အလိုက် လူဦးရေ(၉၅၅၀)ဦး ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်တွင် အသက်(၈၅)နှစ် အထက်သက်ကြီး အဘိုးအဘွား(၈၅၁)ဦးအား ဦးစားပေးထိုးနှံပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း(၄)ဦး၊ လူမှုရေးအဖွဲ့ဝင်(၅၈)ဦး၊ Super Market တွင် လုပ်ငန်းလုပ်ကိုင်နေသူ(၆)ဦး စုစုပေါင်း(၉၁၉)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

တင်တင်ထွေး