ပန်းဘဲတန်း ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅) နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၉)နာရီမှစတင်၍ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ဧကရီခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ကြသည်။
ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ် နှင့်အထက် မိဘပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာရဲ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဟိန်းကိုကိုစော နှင့်တာဝန်ရှိသူများက ဝိုင်ဝန်းကူညီဆောင်ရွက်ပေးကြသည်။
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်အဖြစ် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှိ ဧကရီခန်းမ၌ စီစဉ်ဆောင်ရွက်ထားရှိပြီး နေ့စဉ် နံနက်(၉) နာရီအချိန်မှ စတင်၍ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အသက် (၆၅)နှစ်နှင့်အထက်မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်း များနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွား ရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ စသည်ဖြင့် သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)