ကွမ်းလုံ ဩဂုတ် ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိအကြိမ်ဆေးထိုးနှံခြင်းကို ကွမ်းလုံအထကနှင့် ကိုးကန့်စာပေနှင့်ယဥ်ကျေးမှုခန်းမတို့တွင် ယမန်နေ့ နံနက်(၈) နာရီခွဲအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကွမ်းလုံမြို့အတွင်း ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅၃)ဦးကို ကိုးကန့်စာပေနှင့် ယဥ်ကျေးမှုခန်းမတွင်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘာသာရေးကျောင်းများမှပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ တည်းခိုခန်းနှင့် ပို့ဆောင်ရေးဝန်ထမ်းများ၊ ဈေးရောင်းသူများ စုစုပေါင်း(၁၅၃)ဦးတို့ကို ကွမ်းလုံအထကကျောင်းတွင်လည်းကောင်း ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါဆေးထိုးနှံခြင်းကို မြို့နယ်ကိုဗစ်ကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အပူချိန်တိုင်းခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ နေရာစီစဥ်ပေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖြိုးမမ(ကွမ်းလုံ)