မန္တလေး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၂၄၇)စု၊ လူဦးရေ (၄၈၈၈)ဦးတို့အား ယနေ့နံနက်၁၀နာရီက အမရဌာနီအရှေ့ရပ်ကွက်ရှိ ထားဝယ် ဓမ္မာရုံနှင့် ပြည်ကြီးရန်လုံရပ်ကွက်ရှိ ကိုးခန်းဓမ္မာရုံတို့တွင် ဆန်များ ထောက်ပံ့ပေးအပ်ကြသည်။
ဆန်များ ထောက်ပံ့ပေးအပ်ရာ နေရာများသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးမြင့်လွင်နှင့် စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူများက သွားရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကြသည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဒေသခံပြည်သူများအား နှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားကြပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၉)ရပ်ကွက်မှ အိမ်ထောင်စု (၁၂၄၇)စုတို့အတွက် သက်ဆိုင်ရာရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်နှုန်းဖြင့် အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါဆန်များ ထောက်ပံ့ပေးအပ်ရာတွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)