သရက်ချောင်း ဩဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်မှစ၍ အ-ထ-က သရက်ချောင်း ကျောင်း ဆေးထိုးစုရပ်တွင်စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမိုးထွေဦး၏ စီစဉ်ကြီးကြပ်မှုဖြင့် သရက်ချောင်းမြို့နယ် ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးများမထိုးနှံပေးမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းနှင့် ဆေးထိုးပြီးသူများအား မိနစ်(၂၀)ကြာစောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
သရက်ချောင်းမြို့နယ်အနေဖြင့် ဇူလိုင်လ(၃၁)ရက်နေ့မှ ဩဂုတ်လ(၉)ရက်နေ့အထိ (ပထမ) အကြိမ်အဖြစ် Sinopharm ကာကွယ်ဆေးများကို အသက်(၆၅)နှစ်နှင့်အထက်အသက်ကြီးရင့်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့်မြို့နေပြည်သူများ အပါအဝင် လူဦးရေ (၄၆၄၉)ဦးအား ထိုးနှံပေးခဲ့ရာ အဆိုပါပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံရန်သတ်မှတ်ရက်ပြည့်သည့် ယနေ့နံနက်ပိုင်းမှစတင်ကာ သတ်မှတ်ရက်များအလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
ကေခိုင်ဝင်း( သရက်ချောင်း)