ရေဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေး

ရေဖြူ   ဩဂုတ်   ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်  ထိုးနှံထားသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့ဩဂုတ်လ(၃၀)ရက် နံနက် ပိုင်းမှစတင်ကာ ပထမအကြိမ်ထိုးထားသည့် ရက်အလိုက် သတ်မှတ်ထားရှိသည့် ဆေးထိုး နေရာ (၃) နေရာ၌ ဦးစားပေးအစီအစဉ်အတိုင်း နံနက် (၈) နာရီမှ နေ့လယ် (၂) နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေဖြူမြို့နယ်အတွက် ကာကွယ်ဆေးအနေဖြင့် ဆေးအလုံးရေ(၁၀၀၀)လုံး ရောက်နေပါပြီ။ ပထမအကြိမ် ထိုးထားတဲ့သူတွေကို ပထမအကြိမ် ကဲ့သို့ ဦးစားပေးအစီအစဉ်အတိုင်း ဒုတိယအကြိမ် ထိုးပေးသွားမှာ ဖြစ်ပါတယ်။ ဆေးတွေ ထပ်မံရောက်ရှိလာပါက သတ်မှတ်ထားတဲ့အတိုင်း အစီအစဉ်တကျ ဆက်လက် ထိုးပေးသွားပါ့မယ်။ ပထမအကြိမ် ဆေးထိုးထားတဲ့သူတွေအနေဖြင့် သက်ဆိုင်ရာမှ အကြောင်းကြားတဲ့အခါ ဆေးထိုးရမယ့် နေ့တွေမှာ မပျက်မကွက် ဒုတိယအကြိမ် လာရောက်ထိုးပေးကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်” ဟု ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးမိုးဆန်းထွန်းက ပြောသည်။

ကာကွယ်ဆေးထိုး နေရာ(၃)နေရာဖြစ်သည့် အ--က (ခွဲ)(၁)(ဂ)ရပ်ကွက်၊အ--က-ကလိန်အောင်၊ အ--က -ကံပေါက်စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ကဲ့သို့ ဦးစားပေး အစီအစဉ် အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိရာ လူမှုရေးအသင်းအဖွဲ့များ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာ သည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့်အတွက် ဆေးထိုးပြီးသူများ ရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

ဖြူဖြုရှိန်