ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အလှူရှင်မိသားစုမှလှူဒါန်းသည့် အောက်ဆီဂျင် ထုတ်စက် စမ်းသပ်မောင်းနှင် ထုတ်လုပ်နေပြီဖြစ်

ထားဝယ်  သြဂုတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုပိုးတွေ့လူနာများအားကုသရေး လုပ်ငန်းများဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်ရန်အတွက်ရည်ရွယ်၍ အလှူရှင်မိသားစုက လှူဒါန်းသည့် အောက်ဆီဂျင် ထုတ်စက်သည် ယမန်နေ့ ညနေပိုင်းတွင် ထားဝယ်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိပြီးတပ်ဆင်ထားဆောင်ရွက် ထားရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်အရည်ထုတ်စက်ရောက်ရှိနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကကြည့်ရှု့စစ်ဆေးပြီးအောက်ဆီဂျင် ထုတ်စက်ကို အချိန်မီမောင်းနှင်းနိုင် အောင်ကြိုးစား ဆောင်ရွက်ပေး စေလို ကြောင်း၊ လျှပ်စစ်မီးနှင့် အောက်ဆီဂျင်အိုးများ မပြတ်လပ်အောင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက် စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အောက်ဆီအရည်ထုတ်စက်ကို ရန်ကုန်မြို့နေ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီလီမီတက် ဥက္ကဋ္ဌ ဦးခင်စိုး၊ ဒေါ်အုန်းဇာဇာလွင် အဏ္ဏဝါ လွှမ်းကုမ္ပဏီမိသားစု (ရန်ကုန်)တို့ လှူဒါန်းပြီး တန်ဖိုးငွေကျပ်သိန်း(၈၀၀)၊ တရုတ်နိုင်ငံထုတ် HANBELL အမျိုးအစားဖြစ်၍ တစ်နာရီလျှင် ၄၀ လီတာဆံ့အိုး ၄ လုံး ထုတ်လုပ်နိုင်ကြောင်းသိရပြီး အောက်ဆီဂျင်ထုတ်စက်ကို ယနေ့နံနက်ပိုင်းတွင် စမ်းသပ်မောင်းနှင် ဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရသည်။