ငါန်းဇွန် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယနေ့ နံနက် ၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်း ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၄)အုပ်စုရှိပြီး ဇုံနယ်မြေအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးရာ မြို့မဇုံမှ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ သက်ကြီးရွယ်အို များအား ငါန်းဇွန် အ.ထ.ကတွင်လည်းကောင်း၊ မြို့သာဇုံမှ ကျေးရွာအုပ်စု (၁၆)အုပ်စုအတွင်းရှိ သက်ကြီးရွယ်အိုများအား မြို့သာတိုက်နယ်ဆေးရုံတွင် လည်းကောင်း၊ ခြင်္သေ့လက်ဇုံမှ ကျေးရွာအုပ်စု(၅)အုပ်စုအတွင်းရှိ သက်ကြီးရွယ်အိုများအား ခြင်္သေ့လက်ကျေးရွာ ကျန်းမာရေးဌာနခွဲတွင် လည်းကောင်း၊ သားကျင်ဇုံမှ ကျေးရွာအုပ်စု(၈) အုပ်စုအတွင်းရှိ သက်ကြီးရွယ်အိုများအား သားကျင်ကျေးရွာ ကျန်းမာရေးဌာနခွဲတွင် လည်းကောင်း၊ ငါန်းမြာဇုံမှ ကျေးရွာအုပ်စု(၆)အုပ်စုအတွင်းရှိ သက်ကြီးရွယ်အိုများအား ငါန်းမြာတိုက်နယ် ဆေးရုံတွင်လည်းကောင်း ဇုံ(၅)ဇုံခွဲ၍ ငါန်းဇွန်မြို့နယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်၆၅နှစ်အထက် အဖိုးအဖွားများအား လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးရာ ယနေ့တွင် ငါန်းဇွန်မြို့နယ်အတွင်း အသက် ၆၅နှစ် အထက် အဖိုးအဖွား(၂၉၇)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ ထံမှ သိရသည်။
သက်နောင်ဦး