ရွာငံ ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့ အားကစားဝင်း အတွင်း မိုးလုံလေလုံ အားကစားရုံအား လင်းမြတ်နိုင် တင်ဒါအောင် ဆောက်လုပ်ရေး ကုမ္ပဏီက ခွင့်ပြုရန်ပုံငွေကျပ် (၃၅၂.၈၀၀)သန်းနှင့် အလျား၂၀၀ပေ၊ အနံ ၁၀၀ပေနှင့် ခေါင်းမိုးအမြင့် ၃၀ပေရှိ Steel Structure အဆောက်အဦအမျိုးအစားကို တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းများ ၈၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အလျား ၃၆၀ပေ၊ အနံ ၂၄၅ပေ၊ ခွင့်ပြုရန်ပုံငွေကျပ် (၂၉.၉၉၅)သန်းဖြင့် ဘောလုံးကွင်းမြေညှိခြင်း လုပ်ငန်းကိုလည်း အဆိုပါ မြို့နယ်ပြည်သူ့ အားကစားဝင်းအတွင်း ပြုပြင်ဆောင်ရွက်လျက်ရှိရာ ၈၀ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်ကြောင်းနှင့် အဆိုပါ ဘောလုံးကွင်းမြေညှိခြင်းနှင့် အားကစားရုံ တည်ဆောက်ရာတွင် လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အားကစားရုံတည် ဆောက်ပြီးစီးပါက မိုးလုံလေလုံအားကစားရုံအတွင်း ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ ကြက်တောင် စသည့် အားကစားနည်းမျိုးစုံအပြင် ဘောလုံးကွင်းမြေညှိခြင်း လုပ်ငန်း ပြီးစီးပါကလည်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများ၊ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲများ ဆောင်ရွက်သွားနိုင်ပြီး ပြည်သူများ သွားရောက် ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
ပြည့်ဖြိုးသန့်