ဒလမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများရှိ ကိုဗစ်-၁၉ အရေးပေါ် လူနာများ အသုံးပြုရန် အောက်ဆီဂျင်စက်များ ပေးအပ်လှူဒါန်း

ရန်ကုန် သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ အောက်ဆီဂျင်စက်များနှင့် ဆက်စပ်ပစ္စည်းများကို ယနေ့ နံနက် ၁၁ နာရီက  မြို့နယ်ပြည်သူ့ဆေးရုံ၌ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံနှင့် ရခိုင်ချောင်တိုက်နယ်ဆေးရုံ တို့၌ ကိုဗစ်-၁၉ အရေးပေါ်လူနာများအသုံးပြုနိုင်ရန် ထိုင်ဝမ်းအခြေစိုက် TZU CHI CHARITY FOUNDATION (သီလရှင်ပရဟိတအဖွဲ့)မှ လှူဒါန်းမှုဖြင့်  မြန်မာကိုယ်စားလှယ်   ဦးကျော်ခင်မှ တစ်ဆင့် အကျိုးဆောင် ဦးစိုးလှ+ ဒေါ်ခင်ဝင်းမြင့် တို့မှ ဆေးရုံတစ်ခုလျှင် 10L Oxygen Concentrator   စက်နှစ်လုံးစီနှင့် လေရှူပိုက် အရံ(၂၀)စုံ စီအား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း၊ ရခိုင်ချောင်တိုက်နယ်ဆေးရုံမှ  ဒေါက်တာ ခိုင်ဇင်မင်း၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆေးရုံမှ ဒေါက်တာအောင်လင်းဦးတို့က အသီးသီးလက်ခံရယူခဲ့ပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဒလမြို့နယ်ပြည်သူ့ဆေးရုံအပါအဝင် တိုက်နယ်ဆေးရုံတို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် ဆေးကုသမှုခံယူနေသော  ပိုးတွေ့လူနာမရှိတော့ကြောင်း၊ ပြင်ပအရေးပေါ်လူနာများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းထံမှ သိရသည်။

အဆိုပါ ထိုင်ဝမ်းအခြေစိုက် TZU CHI CHARITY FOUNDATION(သီလရှင်ပရဟိတအဖွဲ့) အနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အရေးပေါ်လူနာများအသုံးပြုနိုင်ရန် ရည်ရွယ်၍  10L Oxygen Concentrator   စက် အလုံးပေါင်း ၁၀၀၀ နှင့် လေရှူပိုက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံ များနှင့် တိုက်နယ်ဆေးရုံများသို့ ပေးအပ်လှူဒါန်းပေးလျက်ရှိကြောင်းသိရှိရသည်။

နိုင်လင်းကျော်