ကျိုင်းတုံ ဩဂုတ် ၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် ကျိုင်းတုံမြို့နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ဩဂုတ် ၂၉ ရက်က မြို့နယ်စည်ပင်သာယာခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းလိ၊ အာခါ၊ လားဟူ၊ အဲန် စတဲ့ တိုင်းရင်းသားများကို ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများ ပြုလုပ်ပေးရာတွင် ဗမာစကား၊ ဗမာစာ တတ်မြောက်မှု အားနည်းနေသည့်အတွက် ခက်ခဲမှုများရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်းသားများ ရှင်းလင်းစွာ နားလည်သဘောပေါက်စေရန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။
တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ကိုဗစ်-၁၉ ကာလတွင် ကျိုင်းတုံမြို့နယ်ရှိ ပြည်သူများအား ခက်ခဲမှုမရှိစေရေး အခြေခံစားကုန်များ ထောက်ပံ့ပေးစေလိုကြောင်း၊ အဲန် တိုင်းရင်းသားလူမျိုးစုများ၏ စာပေဖော်ထုတ်ရာတွင် ကူညီပေး ဆောင်ရွက်ပေး စေလိုကြောင်း၊ ကျိုင်းတုံမြို့နောင်ခမ်းကန် သာယာလှပရေး ဆောင်ရွက်ရာ မြေထိန်းနံရံ အခိုင်အမှာ တည်ဆောက်ရန် လိုအပ်မှုကို ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကျိုင်းတုံမြို့ အောက်ဆီဂျင် စက်ရုံအတွက် ငွေကျပ်သိန်း ၂၀၀၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအတွက် လုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ် ၁၀ သိန်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)