ဆီဆိုင်မြို့၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

ဆီဆိုင်   ဩဂုတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။  

ကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြ၍ ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးပြီး  စနစ်တကျ ထိုးနှံပေးသည်။  

ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ်  ဆီဆိုင်မြို့နယ်ခန်းမဆောင်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန် ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ စသည့်နေရာများ တွင် စက်တင်ဘာ ၄ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)